ဒေါ်မာမာအေး၏ သီချင်းစီဒီ မိုးမခ Amazon MP3 တွင် အွန်လိုင်းမှ ရယူနိုင်ပြီ


ဒေါ်မာမာအေး၏ သီချင်းစီဒီ မိုးမခ Amazon MP3 တွင် အွန်လိုင်းမှ ရယူနိုင်ပြီ
မိုးမခ၊ မေ ၃၁၊ ၂၀၁၃
မြန်မာပြည်၏ ဂီတပညာရှင်၊ အဆိုတော်ကြီး ဒေါ်မာမာအေး အမေရိကန်ပြည်တွင် နေထိုင်စဉ် မြန်မာပြည်အရေးအတွက် ရည်စူးသီဆိုဖြန့်ချိခဲ့သော အမှတ်တရသီချင်းများကို စုစည်းပြီး MP3 Download ရယူစုဆောင်းနိုင်ရန်အတွက် မိုးမခမီဒီယာ၏ Amazon MP3 ဆိုင်တွင် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
၂၀၀၇ ရွှေဝါရောင်သံဃာတော်များအတွက် ဂုဏ်ပြုသီချင်း ၂ပုဒ်၊ အဝေးရောက်သားများအတွက် သီချင်း ၁ပုဒ်၊ နာဂစ်မုန်တိုင်းသင့်ဒုက္ခသည်များ ကူညီရေး နှိုးဆော်သည့် သီချင်း ၁ ပုဒ်၊ ၂၀၀၈ အခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူစဉ်က ထုတ်ဖော်သည့် သီချင်း ၁ပုဒ်နှင့်အတူ မူလအမျိုးသားသီချင်းကို ဂုဏ်ပြုသီဆိုသည့် သီချင်း နှင့် တီးလုံး သီးသန့် ၂ ပုဒ် စုစုပေါင်း သီချင်း ၇ ပုဒ် ပါဝင်သည်။ မာမာအေးဖောင်ဒေးရှင်း ရန်ပုံငွေကျင်းပစဉ်က သီချင်းဆိုရအောင် အမည်ဖြင့် စီဒီထုတ်ဝေခဲ့ပြီး ယခုအခါ အွန်လိုင်းမှ ဒေါင်းလုပ်ရယူ အားပေးနိုင်ရန်အတွက် Amazon MP3 Music Site တွင် မှတ်ပုံတင်ပြီး မိုးမခက တာဝန်ယူ ဖြန့်ချိခြင်း ဖြစ်သည်။
နိုင်ငံတကာရှိ ဂီတပညာရှင်များနှင့် အယ်ဘန်ထုတ်ဝေရေးလုပ်ငန်းများနည်းတူ ပရိသတ်များ တိုက်ရိုက်အားပေးနိုင်သည့် စနစ်ကိုဖြစ်သဖြင့် သီချင်းတပုဒ်ချင်းစီကို အမေရိကန်ဒေါ်လာ ၉၉ ပြား၊ အယ်လဘန် တခုလုံး ဒေါ်လာ ၆.၉၃ နှုန်းဖြင့် ရယူနိုင်သည်။ ကော်ပီရိုက် မူပိုင်ခွင့်မှာ ဒေါ်မာမာအေးနှင့် တိုက်ရိုက်သက်ဆိုင်ပြီး မိုးမခမီဒီယာက အခမဲ့ဝန်ဆောင်မှု ပေးခြင်းဖြစ်သည်။ နိုင်ငံတကာတွင် ရင်ဆိုင်ဖြေရှင်းနေရသည့် မူပိုင်ခွင့်နှင့် ထုတ်ဝေခွင့်တို့ကို မလိုက်နာဘဲ ကြားမှ ခိုးကူး ဖြန့်ချိမှုများကို ကာကွယ်ခြင်း၊ ပရိသတ်က အနုပညာရှင်တို့၏ ထုတ်လုပ်မှုကို တိုက်ရိုက်အားပေးနိုင်ခြင်း ဖြစ်သည့် အွန်လိုင်းတေးဂီတဖြန့်ချိမှုများအဖြစ် ခေတ်စားသည့် Apple, Google နှင့် AMAZON တို့၏ ၀န်ဆောင်မှုကို ရယူပြီး ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
ဒေါ်မာမာအေး ဒုတိယအကြိမ် မြန်မာပြည်သို့ သွားရောက်လည်ပတ်ခြင်း မပြုမီ မိုးမခမီဒီယာနှင့် တိုင်ပင်ပြောဆိုရာတွင် သူ၏ ဟောပြောချက်များ၊ ကိုယ်ပိုင်သီချင်းများကို ပညာရှင်များ၊ လုပ်ငန်းရှင်များကို အသိမပေးဘဲ ကူးယူပြီး ခိုးယူကူးပြီး ဖြန့်ချိနေကြောင်း၊ အနုပညာရှင်များနှင့် လုပ်ငန်းများမှာ နစ်နာနေကြောင်း၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေပြီး ပရိသတ်တိုက်ရိုက်အားပေးနိုင်သည့် ဂီတသမားတို့အတွက် အကျိုးခံစားခွင့်ရှိမည့် ဖြန့်ချိမှုကို စမ်းသတ်ကြည့်သင့်ကြောင်း ပြောဆိုသဘောထားပေးသဖြင့် ယခုကဲ့သို့ အမေရိကန်ပြည်တွင် သီဆိုခဲ့ပြီး ထုတ်ဝေခဲ့ပြီးဖြစ်သည့် ရန်ပုံငွေအမှတ်တရ စီဒီကို ယခုကဲ့သို့ မိုးမခက ထုတ်ဝေခြင်း ဖြစ်ပါသည်။
မာမာအေးပရိသတ်၏ အားပေးမှုများမှ ရရှိသည့် ခံစားခွင့်ကို မာမာအေးသို့သာ တိုက်ရိုက်ပေးအပ်မည် ဖြစ်သည်။ ယခုအခွေသည်လည်း မိုးမခ၏ ပထမဦးဆုံး MP3 download ဖြန့်ချိမှုဖြစ်သည်။ တေးဂီတပညာရှင်များ၏ ထိုကဲ့သို့ ဖြန့်ချိမှုများကို ၀န်ဆောင်မှုပေးရန် မိုးမခက ဆန္ဒရှိပါကြောင်း တင်ပြလိုက်ပါသည်။
သည်နေရာကနေ သွားရောက်ပြီး အားပေးနိုင်သည်။ အစမ်းနမူနာလည်း နားထောင်နိုင်ပါသည်။

Comments