ဇင်လင်း၏ ငြိမ်းချမ်းရေးခြေရာဆောင်းပါးများ ထွက်ပြီ


ဇင်လင်း၏ ငြိမ်းချမ်းရေးခြေရာဆောင်းပါးများ ထွက်ပြီ

(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၀

မျက်နှာဖုံးမှာ ကျီးတွေ ဝိုင်းအာနေတဲ့ စကားပြောစင်မြင့် ...
နောက်ကျောစာအုပ်ကောက်နုတ်ချက်က ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုရင် ပြည်တွင်းစစ်ရပ်စဲရေးကို ဦးစွာလုပ်ဖို့ လိုသည် တဲ့ ...

ပြည်တွင်းပြည်ပမီဒီယာများမှာ နိုင်ငံရေးဆောင်းပါးရှင်တဦးအဖြစ် ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဇင်လင်းက သူ့ဆောင်းပါးစာအုပ်ကို သည်လို အမှာရေးထားပါတယ်။

 တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဘယ်အခြေဆိုက်နေသည် ဆိုခြင်းကို နိုင်ငံသားတိုင်း လေ့လာဖို့ လိုသည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လက်၌သာ ငြိမ်းချမ်းရေးပြဿနာ ကို ဝကွက်အပ်နှံထား၍ မရချေ။ လူတိုင်း ငြိမ်းချမ်းရေးကို ခြေရာခံကြရမည့် အချိန်ရောက် နေပြီ။ ငြိမ်းချမ်းရေး ကိစ္စ၌ လူထုကိုယ်တိုင် ပါဝင်ဖို့လိုသည်။ ငြိမ်းချမ်းရေးလိုလားသူက မည်သူဖြစ်၍၊ မလိုလားသူက မည်သူဖြစ်သည်ကို သိရှိနိုင်ရန် လူတိုင်း ငြိမ်းချမ်းရေးကို ခြေရာခံရင်း စောင့်ကြည့်ကြစေချင်သည်။ 
 အချုပ်အားဖြင့် ဆိုရလျှင် ငြိမ်းချမ်းရေးလိုချင်လျှင် ငြိမ်းချမ်းရေး အကြောင်း သိအောင်လုပ်ကြရမည်။ မည်သည့်လမ်းစဉ်က မှန်သည်၊ မည်သည့်လမ်းစဉ်က မှားသည်ဆိုခြင်း ကို သိအောင်လုပ်ရမည်။ မည်သူတို့က ရိုးရိုးသားသား ငြိမ်းချမ်းရေးရအောင်လုပ်နေသည်၊ မည်သူတို့က ကိုယ်ကျိုးကြည့် ၍ ငြိမ်းချမ်းရေးပျက်အောင်လုပ်နေသည် ဆိုသည်ကိုလည်း သိအောင်လုပ်ကြရ မည်။
 ဤ “ငြိမ်းချမ်းရေးခြေရာ” ဆိုသော စာအုပ်၌ နိုင်ငံသူနိုင်ငံသားတို့ သိသင့်သိအပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းအချက်အလက်များကို ထည့်သွင်းဖေါ်ပြရေးသားထားပါသည်။ မည်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ/ညီလာခံတွင် မည်သူတို့ ပါဝင်သည်။ မည်သို့သဘောထား ရှိကြသည်။ မည်သည့် သဘောတူညီချက်များ ချမှတ်ခဲ့သည်။ သဘောတူ ညီချက်ကို မည်သူတို့က လိုက်နာ၍ မည်သူတို့က ချိုးဖေါက် ကြသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) တွင် မည်သူတို့ ပါသည်။ မည်သူတို့က မည်သည့် အတွက် NCA တွင် မပါဝင်သေး အစရှိ သော ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံ အချက်အလက်တို့ကို ဤစာအုပ်တွင် သမိုင်းနောက်ခံနှင့်တကွ ဖေါ်ပြထားသဖြင့် ငြိမ်းချမ်းရေးခြေရာခံရာ၌ အထိုက်အလျောက် အထောက်အကူပြုပါလိမ့်မည်။
 မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိစ္စသည် နိုင်ငံသားတိုင်း၏ ကံကြမ္မာနှင့် ဆက်စပ်နေသော ကြောင့် ငြိမ်ချမ်းရေး၏ အတိတ် အနာဂတ် ပစ္စုပ္ပန်ကို ခန့်မှန်းမိစေရန် ရည်ရွယ်၍ “ဤ ဆောင်းပါး ပေါင်းစု စာအုပ်” ကို မှတ်တမ်းတင် ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။ 
 “ငြိမ်းချမ်းရေးခြေရာ” စာအုပ်တွင် ပါဝင်သော ဆောင်းပါးများကို အလွန် တရာ မအားလပ်သည့်ကြားမှ ဂရုတစိုက် အချိန် ပေးဖတ်ရှုကာ အမှာစာ ရေးသားပေးခဲ့ကြသော ဝါရင့် သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) နှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ စိုင်းညွန့်လွင် တို့အားလည်း အထူးပင် ကျေးဇူးတင်ရှိ ကြောင်း လေးစားစွာ ဖေါ်ညွှန်းအပ်ပါသည်။
 စာမျက်နှာ ၄၅၀၊ အုပ်ရေ ဂ၀၀၊ တန်ဖိုး ၄၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပါပြီ။ မိုးမခထုတ်ဝေရေးနဲ့ ဆိပ်ကမ်းသာဖြန့်ချိရေးတို့ကနေ စာအုပ်ကို ကြိုတင်မှာကြားနိုင်ပါပြီ။ ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာ​စျေးသစ် ။ ဝ၉ ၇၈၆၈၃၇ ၃၀၅ / ဝ၉ ၉၆၃၆၉၉၈၃၄

Comments