လူတိုင်းအတွက် ဝိပဿနာ (စွန်လွန်းတရားအားထုတ်နည်း) ဆရာတော်ဦးဝိနယ၏ ဟောပြောချက်၊ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ပြန်လည်ရေးသားမှု၊ စာအုပ်အကြောင်း အမှတ်တရ

 



လူတိုင်းအတွက် ဝိပဿနာ (စွန်လွန်းတရားအားထုတ်နည်း) ဆရာတော်ဦးဝိနယ၏ ဟောပြောချက်၊ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ပြန်လည်ရေးသားမှု၊ စာအုပ်အကြောင်း အမှတ်တရ


မောင်ရစ် (မိုးမခစာအုပ်စင်) ဇူလိုင် ၂၇၊ ၂၀၂၄


သည်တခါ မိုးမခစာအုပ်တိုက်က နွေဦးတော်လှန်ရေစာစဉ်တွေကနေ ခေတ္တခွဲထွက်ပြီးတော့ ဝိပဿနာတရားအားထုတ်နည်း စာအုပ်တအုပ် (အီးဘုတ်နဲ့ ပုံနှီပ် ၂မျိုးစလုံး) ထုတ်လိုက်ပါတယ်။ ဒါကတော့ စီစဉ်သူ မောင်ရစ်၏ ဖခင်ဖြစ်သူ၊ စာရေးဆရာ၊ ကျောင်းဆရာတဦးဖြစ်တဲ့ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ ထုတ်ဝေတာ ဖြစ်ပါတယ်။

ပြည်လမ်း၊ ၆မိုင်ခွဲက၊ ကမ္ဘာအေးစွန်းလွန်းဂူကျောင်းဆရာတော် အရှင်ဦးဝိနယကို ၂ဘက်သော ဘိုးဘွားတွေဖြစ်တဲ့ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်၊ ဦးသိန်းညွန့်၊ ဒေါ်ချစ်တင်တို့ ဆည်းကပ်ကိုးကွယ်ပြီး ဝိပဿနာတရားထိုင်တဲ့ ပါရမီ သူတို့ စတင်ဖြည့်စွမ်း လေ့ကျင့်သင်ကြားခဲ့ကြတာဖြစ်ပါတယ်။ အဲသည်ကနေ သားသမီး မြေးမြစ်တွေအထိ တရားထိုင်တဲ့ အလေ့အကျင့်အမွေ ပေးအပ်နိုင်ခဲ့ပါတယ်။

ယခင်က စွန်းလွန်းကျောင်းတိုက်ကို ပုံမှန်သွားပြီး တရားထိုင်ခဲ့ကြပေမယ့် နောင် အသက်အရွယ် ကြီးရင့်လာတော့ အိမ်မှာပဲ အဆင်ပြေသလို တရားထိုင်ကြတာတွေ့ခဲ့ပါတယ်။ လောကဓံတရားထဲက အဆိုးတရားတွေ ရင်ဆိုင်ရချိန်တိုင်း ခလုတ်ထိမှ တရားတပြီး တရားထိုင်ကြ ဆည်းကပ်ကြတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် ဖြစ်တာတို့၊ နိဗ္ဗာန် မျက်မှောက်ပြုဖို့တို့ဆိုတာက မိမိ၏ ဘာသာရေးပိုင်းဆိုင်ရာသဘောထားဖြစ်ပြီး တရားထိုင်တာကတော့ မိမိ၏ ဆောက်တည်ရာကို ရှာဖွေမှု ချည်းကပ်မှုလို့တော့ မောင်ရစ်က သဘောထားပါတယ်။

၂၀၁၇ မတ်လမှာ မိခင် ဒေါ်ခင်ညွန့်ရီ (စာရေးဆရာ တက္ကသိုလ်ရွှေရီဝင်း) ကွယ်လွန်တော့ ကျန်ရစ်သူမိသားစုတွေ တရားထိုင်တဲ့ဘက် ပြန်လှည့်ကြပါတယ်။ အဲသည်မှာ ဖခင်ဖြစ်သူကို မေးမိတာ တခု ရှိပါတယ်။ တရားထိုင်တာ အမြဲတမ်းထိုင်တာ ကောင်းတယ်ဆိုပြီး ဘာလို့ မထိုင်ဖြစ်တာလဲလို့ မေးခွန်းပါ။ သူကတော့ ရိုးရိုးရှင်းရှင်းပဲဖြေပါတယ်။ အရင်တုန်းက ပျော်နေတော့ တရားထိုင်ဖို့ မေ့နေတာပေါ့ကွာ တဲ့။ ခုတော့ တရားပြန်ထိုင်ရတာပေါ့ တဲ့။ ၂၀၂၁ ဩဂုတ် ၃ မှာ ဖခင်ဖြစ်သူ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ကွယ်လွန်ပါတယ်။

ဘိုးဘွားနဲ့ မိဘတွေ စွန်းလွန်းဝိပဿနာတရားစထိုင်ကြတုန်းက ဆရာတော်ဦးဝိနယ ရေဒီယိုကနေ ၁၉၆၀-၁၉၆၂ အတွင်းတွင် အသံလွှင့်ဟောကြားခဲ့တဲ့ တရားအားထုတ်နည်း ပြောကြားချက်၊ ဖခင်ဖြစ်သူ ပြန်ပြီး နားထောင်ရေးသားမှတ်တမ်းတင်မှုကို ဘိုးဘွား မိဘတွေ တရားထိုင်ဖက် မိတ်ဆွေတွေ၊ ကျေးဇူးအထူးရှိသူတွေကို ဦးညွတ်ပြီး ထုတ်ဝေလိုက်ပါတယ်။

Comments