မိုးမခရဲ့လမ်းခုလတ်၂၀၁၃ ကို စာအုပ်အဖြစ် ထုတ်ဝေ


လင်းလွန်းခင်စာပေတိုက်က မိုးမခရဲ့လမ်းခုလတ်၂၀၁၃ ကို စာအုပ်အဖြစ် ထုတ်ဝေ

မိုးမခစာအုပ်စင်၊ ဇွန် ၂၅၊ ၂၀၁၄

လင်းလွန်းခင်စာပေတိုက်ရဲ့ စီစဉ်မှုနဲ့ “လမ်းခုလတ် ၂၀၁၃ အင်တာဗျူးများ” စာအုပ် ထွက်ပါပြီ။ မိုးမခမှာ ၂၀၁၄ နှစ်ဆန်းက အခန်းဆက်ဖော်ပြခဲ့တဲ့ မြန်မာပြည်က နယ်ပယ်စုံက ပုဂ္ဂိုလ်များနဲ့ လမ်းခုလတ်စကားလက်ဆုံများ စုစည်းပြီး စာအုပ်အဖြစ် တင်ဆက်လိုက်တာဖြစ်ပါတယ်။ ရက်သတ္တပတ် ၃ ပတ်၊ မိတ်ဆွေ ၁၆ ဦးနဲ့ မိုးမခမီဒီယာက မောင်ရစ်တို့ တွေ့ဆုံမေးမြန်းချက်များ ဖြစ်ပါတယ်။ သူ့အမှာစာမှာတော့ သည်လိုရေးထားပါတယ်။
  
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၄ ကနေ ဒီဇင်ဘာ ၄ ၊ ရက်သတ္တ ၃ ပတ်တာ ရန်ကုန်မှာ မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်များနဲ့ ခရီးမာရသွန် တွေ့ဆုံမေးမြန်းဖြစ်ခဲ့တယ်။ လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ အင်တာဗျူးတွေ ရခဲ့ မှတ်တမ်းတင်ဖြစ်ခဲ့တယ်။ ခေါင်းစဉ်ကတော့ လမ်းခုလတ် ၂၀၁၃ ပါ။ လက်ရှိမျက်မှောက်ရေးရာမှာ အဆိုပါ ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာ အလုပ်တွေ အစုအဖွဲ့တွေ ရဲ့ အခြေအနေ၊ သဘောထားတွေ အတွေးအမြင်တွေကို စုဆောင်းဖြစ်ခဲ့ပါတယ်။
အချိန်ဇယားကို ပြန်ကြည့်မယ်ဆိုရင် …
ပထမပတ် – ပါရမီစာပေ ဦးကျော်ဦး၊ ဦးမိုးသူ၊ ပြည်သူ့ခေတ်၊ ဦးဝင်းတင်၊ ကိုတိတ်နိုင်၊ ကိုမိုးကြီး
ဒုတိယပတ် – ကိုဇာဂနာ၊ မဖြူဖြူသင်း၊ ဒေါ်သန်းသန်းနု၊ ဦးသုဝေ၊ မသီတာ(စမ်းချောင်း)
တတိယပတ် – ပန်းချီထိန်လင်း၊ ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ကိုမြအေး၊ ကိုလှမျိုးနောင်
            အခြားသော မိတ်ဆွေများစွာနဲ့ တွေ့ဆုံခွင့်ရခဲ့သော်လည်း အချိန်တိုတိုတွင်းမှာမို့လို့ လမ်းခုလတ် ၂၀၁၃ ခေါင်းစီးအောက်မှာ မေးမြန်းစုံစမ်းခွင့်မရခဲ့ပါ။ အချိန်တိုတွင်း လမ်းခုလတ် စကားလက်ဆုံတွေကို မိုးမခအွန်လိုင်းမှာ
၂၀၁၄ နှစ်ဆန်းမှာ ပြန်လည် တင်ဆက်ပြီး ပရိသတ်ကို တင်ပြခဲ့ပါတယ်။ အခုတော့ စာအုပ်တအုပ်အဖြစ် စုစည်းတင်ဆက်နိုင်ခဲ့ပါပြီ။
            ၂၀၁၃ နိုဝင်ဘာ-ဒီဇင်ဘာ ၃ ပတ်တာ လမ်းခုလတ်ခရီးတိုလေးမှာ တွေ့ဆုံခွင့်ရခဲ့သူ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါ့အပြင်  လမ်းခုလတ်မှာ တွေ့ဆုံမေးမြန်းမှုတွေ ဖြစ်မြောက်အောင် ၀ိုင်းဝန်းစီစဉ်ပေးကြတဲ့ မိမိ၏ အမိ၊အဘ၊ညီမတိုကို၎င်း၊ ဌာနေက မိုးမခ၀ိုင်းတော်သားများနဲ့ စာနယ်ဇင်းမိတ်ဆွေများကို၎င်ုး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ စာအုပ်အဖြစ် ဆောင်ရွက်ပေးတဲ့ လင်းလွန်းခင်စာပေတိုက်ကိုလည်း အထူးကျေးဇူတင်ပါတယ်လို့ ပြောလိုက်ပါရစေ။    ။
 (မောင်ရစ်)



Comments