ဒေဝဒတ်ရဲ့ ပစ္စတို - ကဗျာဆရာအောင်ဝေးရဲ့ နွေဦးတော်လှန်ရေး ကဗျာ ၁၀၀ ထွက်ပြီ - US$ 40.00 on sale in USA

 



ဒေဝဒတ်ရဲ့ ပစ္စတို
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၁

ကဗျာဆရာ အောင်ဝေးက မိုးမခမီဒီယာ၏ အကြံပေးစာပေပညာရှင်တဦးအဖြစ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလကတည်း ရပ်တည်ကူညီပေးခဲ့ပါတယ်။ မိုးမခရဲ့ နာယကကြီးတွေက တင်မိုး၊ မောင်စွမ်းရည်၊ အောင်ဗလ၊ ဦးဝင်းဖေ၊ ဒေါ်မာမာအေးတို့အဖြစ် ၂၀၀၃ ခုနှစ် စတင်ထူထောင်ပြီးနောက် အသီးသီး အားပေးဖေးမခဲ့ကြပါတယ်။ ပြီးနောက် ဟံသာ၀တီဦးဝင်းတင်၊ ဆရာမောင်မိုးသူတို့က မိုးမခပြည်တော်ဝင်ပြီးနောက် ၂၀၀၃ နောက်ပိုင်းမှာ ရပ်တည်ပေးခဲ့ပြန်ပါတယ်။ ခုတော့ နာယကကြီးတွေထဲမှာ ဆရာမောင်စွမ်းရည်၊ ဆရာဦးဝင်းဖေ၊ အန်တီမာမာအေးတို့သာ ကျန်ပါတော့တယ်။ သူတို့လည်း အသက် ၈၀ ကျော်တွေ အိုမင်းလှပါပြီ။ အဲသည်အချိန်မှာ ဆရာအောင်ဝေးကို လူငယ်လူရွယ်လေးတဦးလို ထင်ထားရာက ပြန်ငေးကြည့်လိုက်တော့ ဆရာလည်း ကြီးရင့်လို့လာနေပါပြီ။ ကလောင်အား ကလောင်မာန် တော်လှန်စိတ် တော်လှန်မာန်တို့ကား မကျသေး၊ မီးတောက်မီးလျံများသဖွယ် တဟုန်းဟုန်း တောက်လောင် စူးရှနေဆဲ ဖြစ်ပါတယ်။ ဆရာလည်း အသက် ၆၀ ကျော်နေပါပြီ။ ကလောင်ကော စာကော မအိုသေးပါ။ ယခု နွေဦးတော်လှန်ရေး ၂၀၂၁။ အောင်ဝေးကား နေ့စဉ် ကဗျာလက်နက်နဲ့ ပြည်သူလူထုဘက်က စစ်ဘီလူးတို့ကို တွန်းလှန် တိုက်ခိုက် ထိုးနှက်နေဆဲ ဖြစ်ပါတယ်။ ဆရာအောင်ဝေး၏ ကဗျာနဲ့ စကားပြေတို့က ပြည်တွင်း ပြည်ပ စာပေချစ်သူ ပရိသတ်တို့ကို ဖမ်းစားနိုင်ဆဲ၊ အားမာန်တွေ မြှင့်တင်ပေးနိုင်ဆဲ ဖြစ်ပါတယ်။ အခု မိုးမခကိုယ်တိုင်လည်း မြန်မာပြည်၏ အဝေးတနေရာမှာ ကိုအောင်ဝေးနဲ့အတူ နွေဦးတော်လှန်ရေးဘက်က ပြည်သူတွေနဲ့အတူ စွမ်းသမျှ စာပေတာဝန်ကျေပွန်အောင် ထမ်းဆောင်နေပါတယ်။ ယခု ဆရာအောင်ဝေးက သူ၏ နွေဦးတော်လှန်ရေးကဗျာ ၁၀၀ စာအုပ် ထုတ်ဝေခွင့် မိုးမခကို ပေးအပ်လိုက်ပါပြီ။ အဲသည်ကဗျာစာအုပ်ထုတ်ဝေဖြန့်ချိပြီး မိုးမခ၏ နွေဦးတော်လှန်ရေး စာနယ်ဇင်းရန်ပုံငွေအတွက် ထည့်ဝင်မယ်လို့ ဆရာအောင်ဝေးက ဆုံးဖြတ်ထားပါတယ်။ ကျနော်တို့ ရှေ့ဆက်ပြီး အစွမ်းကုန် ကဗျာ စာပေ အနုပညာနဲ့ ပြည်သူ့တော်လှန်ရေး နွေဦးတော်လှန်ရေးကို ပေးဆပ်ကြရပါမည်။ အရေးတော်ပုံ မုချ အောင်ရမည်။ မောင်ရစ် (မိုးမခမီဒီယာ)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar

Comments